နွေရာသီမှာ ရေပိုသောက်သင့် မသောက်သင့်
နွေရာသီမှာ ရေပိုသောက်သင့်တယ် ထင်လား? မသောက်သင့်ဘူး ထင်လား? ကိုယ်တိုင် တွေးမိတဲ့အဖြေလေးကို အရင်ဆုံး ပြောပြပေးပါဦးနော်။
ပရိသတ်ကြီး ဖြေပြီးပြီဆိုရင်တော့ ဒီဘက်က အဖြေပြောပြပေးပါမယ်။ ဒါကတော့ နွေရာသီမှာ ရေပိုသောက်သင့်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ နွေရာသီမှာ ရာသီဥတုပူပြင်းတာကြောင့် ချွေးထွက်များသလို အပူလျှပ်တာလိုမျိုးလည်း အဖြစ်များပါတယ်။ ရေဓာတ်နည်းမှုကြောင့် ဖြစ်တဲ့ ကျန်းမာရေးကိစ္စ အဝဝကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုကတော့ ရေလုံလောက်အောင် သောက်တာပါ။
ရေဆိုတာက နေ့စဉ်ဘဝမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေသလို ခန္ဓာကိုယ်အတွက်လည်း အတော်လေး အရေးပါပါတယ်။ ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးသလို ခန္ဓာကိုယ်ရဲ့ ၃ ပုံ ၂ ပုံကို ရေဓာတ်နဲ့ ဖွဲ့စည်းထားပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် ကျန်းမာနေစေဖို့ ရေဓာတ်ပြည့်ဝဖို့က အတော်လေး အရေးကြီးပါ။ နွေရာသီမှာဆိုရင်တော့ ရေများများ သောက်ဖို့ လိုပါမယ်။ ဒါမှ ချွေးထွက်များတာကြောင့် ရေဓာတ်ဆုံးရှုံးတာကို ကာကွယ်ပေးနိုင်မှာပါ။
ခန္ဓာကိုယ်မှာ ရှိတဲ့ ဆဲလ်တိုင်းမှာ အမျိုးမျိုးသော လှုပ်ရှားမှုတွေကို လုပ်ဆောင်ဖို့အတွက်လည်း ရေက မရှိမဖြစ်လိုအပ်မှာပါ။ ခန္ဓာကိုယ်မှာ ရေမလုံလောက်တဲ့အခါ ခြေကုန်လက်ပမ်းကျတာမျိုးကို ခံစားရနိုင်သလို ကိုယ်ထဲမှာ အင်အားကုန်ခမ်းတာ နဲပ အမျိုးမျိုးသော နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။
နောက်ပြီး ဖြစ်နိုင်ခြေရှိတာက ရေမလုံလောက်ခြင်းဟာ ကိုယ်အလေးချိန် တက်တာ၊ အပူလျှပ်တာလိုမျိုး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ပုံမှန်ချိန်မှာ တစ်နေ့ကို ရေ ၈ ခွက် သောက်တာက လုံလောက် တယ်ဆိုပေမယ့် နွေပူနေချိန်မှာ ရေကို ၂ လီတာခွဲကနေ ၃ လီတာလောက် သောက်ပေးဖို့ လိုပါမယ်။ နွေမှာ ရေများများသောက်တာက အပူကြောင့်ဖြစ်တဲ့ ဖျားနာမှုတွေကို သက်သာစေနိုင်ပါတယ်။
နွေပူချိန်မှာ ရေလုံလောက်အောင် သောက်ပါလို့ ပြောရတာက ရေသောက်ပေးတာက
- ချွေးထွက်များတာကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်ပေးနိုင်တယ်
- နေပူကြောင့် ကြွက်တက်တာကို ကာကွယ်ပြီးသား ဖြစ်တယ်
- အပူကြောင့် ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်
- အပူကြောင့် ဝမ်းချုပ်တာကို သက်သာစေတယ်
- ကျောက်ကပ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်
- အသားအရေ ခြောက်သွေ့မှု ကင်းစေတယ်
- အပူလျှပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်
- ရေဓာတ်ဆုံးရှုံးတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်
- ကိုယ်တွင်းအပူချိန်ကို လျှော့ချပေးတယ်
- ခံတွင်းနံ့ဆိုး မဖြစ်အောင် ကာကွယ်ပေးတယ်
- အဆစ်တွေ လှုပ်ရှားမှု ကောင်းစေဖို့ လုပ်ဆောင်ပေးတယ်
- ဆီးတွေ ချွေးတွေကနေတဆင့် ကိုယ်တွင်းက အဆိပ်အတောက်တွေ ဖယ်ရှားပေးတယ်
- ရေလုံလောက်အောင် သောက်ပေးတာက ဝိတ်ကျစေနိုင်တယ်
- စိတ်ကြည်လင်စေနိုင်တယ်
နွေရာသီမှာ ရေကို လုံလောက်အောင် သောက်ပေးတာက ကိုယ်တွင်း အပူချိန်ကို ထိန်းပေးတာကြောင့် နွေရာသီရဲ့ ကျန်းမာရေးကိစ္စတွေကို ကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် နွေနေ့တွေမှာ ပူပြင်းမှုကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို ပြည့်ပြည့်ဝဝ ဖြည့်နိုင်စေဖို့အတွက် ရေများများသောက်ပေးပါလို့ အကြံပြုလိုက်ပါရစေ။
မွန်မွန်